'' ............. မှ ကြိုဆိုပါ၏ ''
ညီမိုးဆက်

မျှော်လင့်ချက်တွေကို
အလောင်းလို လိုက်ကောက်နေရတယ်။
ရံဖန်ရံခါတော့
မျှော်လင့်ချက်ဟာ အပိုင်းပိုင်း ခုတ်ထစ်ခံရပြီး
ချောင်းစပ်၊ ကမ်းစပ်မှာ ပစ်ထားခံရတယ် ..... ။
ညနေစောင်းတာနဲ့
အမောကြမ်းတွေကို
အမူးနဲ့ ဖြေကြတာလဲ ဒီမြို့မှာပဲ ..... ။
အလွန်အကျွံ အိုဗာတိုင်းတွေကို
ကော်ဖီမစ်ပြင်းပြင်းတွေနဲ့ ကျော်ဖြတ်ရင်း
ရူးသွားတဲ့ စက်ရုံအလုပ်သမလေးတွေရဲ့
စကားသံတွေနဲ့ ဒီမြို့က အလှပြင်ထားတတ်တယ် .... ။
ကားတာယာစွပ် မီးရှို့သတ်ခံရတဲ့
ဆယ်နှစ်သားလေးရဲ့အော်သံအတွက်
ငါတို့ ဘာ ၀င်ပြောလို့ရခဲ့လို့လဲ .....
အပြစ်ကတော့ ကြီးကြီးမားမား
သရက်သီး ၀င်ခိုးလို့ပါတဲ့ .... ။
အလုပ်ကအပြန်
ဘယ်သူမှ မသိလိုက်ပဲ
ပျောက်သွားတဲ့ မိန်းကလေးတွေရဲ့ အလှနဲ့ဘ၀တွေကို
ဒီမြို့က ဖွက်ထားတတ်တယ် .... ။
ဘယ်လိုပဲဖြစ်ဖြစ်
ငါတို့ကတော့
ဒီမြို့ရဲ့ ရှင်သန်မှုအတွက်
ငါတို့ဘ၀တွေနဲ့ ထမ်းပိုးရင်း
အသက်ကို ရှုနေကြတုန်း ...... ။
0 comments:
Post a Comment