အရိုးစု

အရိုးစု
နှင်းခါးမိုး


ကျနော့် အရိုးတွေကို ကျနော် ကျေးဇူးတင်တယ်
သူတို့က အခုထိ ကျနော့်အပေါ်ကောင်းတုန်းပဲ
ကျနော့် ခါးက အခုထိမတ်တုန်းပဲ
ကျနော့် ခြေထောက်တွေက အခုထိအမြင့်ကို တက်တုန်းပဲ
ကျနော့် လက်ဖျံတွေက အခုထိ မြန်ဆန် သွက်လက်တုန်းပဲ
ကျနော့် စိတ်သွားရာ နောက်ကို သူက လိုက်တုန်းပဲ။

ကျနော့်အရိုးတွေက ဘယ်တုန်းကမှ မပျော့ခဲ့ဘူး
ခုလည်း မပျော့သေးဘူး
ကျနော် သတိလက်လွတ်ဖြစ်လို့
ကျနော် ကံမကောင်းလို့
ကျိုးတုန်းက ကျိုးခဲ့ဘူး
ပြီးတော့ ပြန်ကောင်းတာပဲ။

နှစ်ပေါင်းရာထောင် အရိုးတွေပြန်တူးဖော်တော့
အရိုးတွေက လူတစ်ယောက်ရဲ့ ပုံပန်းကို ပြောပြသတဲ့
အရိုးတွေက လူတစ်ယောက်ရဲ့ ဘ၀ကို ပြောပြသတဲ့
သူတို့ သန်မာခဲ့တာ
သူတို့ ချည့်နဲ့ခဲ့တာ
သူတို့ ပျော်ရွှင်ခဲ့တာ
သူတို့ ကြေကွဲခဲ့တာ
သူတို့ ငြိမ်းချမ်းခဲ့တာ
သူတို့ တိုက်ပွဲဝင်ခဲ့တာ
အရိုးတွေက မလိမ်ဘူး။

အရိုးသားဆုံး နှလုံးသားများ၏ အစုအဝေးကို
အရိုးစုဟု ခေါ်ပါသည် (နွေလယ်နေ)
အရိုးစု ဆိုတဲ့ ကဗျာ စာအုပ်ကလေး
တစ်ခါက ကျနော်တို့ တည်ဆောက်ခဲ့ဘူးတယ်
နံရိုးတူသူချင်း။

မေးစေ့နှစ်ထပ်နဲ့ မေးရိုးမရှိတဲ့ကောင်
အဆီတစ်ထပ် အသားတစ်ထပ်နဲ့ ကျောရိုးမပါတဲ့ကောင်
အဲဒီကောင်ကို ကျနော် မုန်းတယ်
လေးတွဲ့ ထိုင်းမှိုင်းစွာရပ်လို့
ကျနော့်ရှေ့ကမှန်ထဲမှာ.........
သူ့အရိုးတွေကနေ သူထွက်ပြေးနေတဲ့ကောင်။

အရိုးအရင်း
အသားလိုလို့ အရိုးတောင်း
အရိုးပေါ် အရေတင်
အရိုးကွဲမှ အသဲစွဲ
အရိုးထိအောင်နာ
ဘာပဲဖြစ်ဖြစ်
အောက်ဆုံးက အရိုးတွေကိုတော့
မမေ့ကြပါနဲ့။

ကမ္ဘောဒီးယားက အရိုးတွေ
ရ၀မ်ဒါက အရိုးတွေ
ဘော့စနီးယားက အရိုးတွေ
ဟိုနေရာ ဒီနေရာမှာ
မတူးရသေးတဲ့ အရိုးတွေ
လူမသိသူမသိ အရိုးတွေ.........။

ကိုယ့်ခြေထောက်အောက် ကိုယ်ပြန်ငုံ့ကြည့်လိုက်တယ်
ကျနော် ဘယ်သူ့ အရိုးပေါ် ရပ်နေမိသလဲလို့။
မင်းဟာငါ့ရဲ့ နံရိုးတစ်ချောင်းပါပဲကွယ်လို့
ဘယ်သူ့ကိုမှ မပြောဖြစ်ခဲ့ဘူး
ကျနော့်အရိုးတွေကို ကျနော်ချစ်တယ်။         ။

0 comments:

Post a Comment