သမိုင်းမျက်ရည်စများနှင့် … ဇူလိုင်

သမိုင်းမျက်ရည်စများနှင့် … ဇူလိုင်
ကမာပုလဲ

ငယ်ငယ်ကတည်းက
ဗိုလ်ချုပ်အောင်ဆန်းကို စိတ်ဝင်စားခဲ့တယ်။
သူ
ဗိုလ်အောင်ဆန်းကို စိတ်ဝင်စားမိတော့
နယ်ချဲ့ဆန့်ကျင်ရေး
ဖက်ဆစ် တော်လှန်ရေး
ကျောင်းသား သမဂ္ဂ
တို့ဗမာအစည်းအရုံး
ဗမာပြည် ကျွန်သဘောက်ဘဝ လွတ်မြောက်ရေးတိုက်ပွဲ သမိုင်းမှာ
သူ ပထမဆုံး ဥက္ကဋ္ဌလုပ် တည်ထောင်ဖွဲ့စည်း
တပ်ဦးအခန်းက ဦးဆောင်ခဲ့တဲ့ ပါတီ …
စတဲ့ … ဗမာပြည် လွတ်လပ်ရေးသမိုင်းကိုပါ စိတ်ဝင်စားခဲ့တယ်။
အဲဒီကနေ
ရဲဘော်သုံးကျိပ်
လက်နက်ကိုင် နယ်ချဲ့ဆန့်ကျင်ရေး
ဖက်ဆစ် ဂျပန်တော်လှန်ရေး
သပိတ်တိုက်ပွဲများ
ပင်လုံညီလာခံ
၁၉၄၇ ဇန်နဝါရီလ
နန်းရင်းဝန် ကလီးမင့် အက်တလီနဲ့ ဗိုလ်အောင်ဆန်း
လန်ဒန်မြို့
အမှတ် (၁၀)
ဒေါင်းနင်းလမ်း
ဒီလို တဆက်တည်း စိတ်ဝင်စားလာမိခဲ့တယ်။
၁၉၄၇ ဇူလိုင် ၁၉ ရက်
သူ … ဗိုလ်အောင်ဆန်း
လုပ်ကြံ သတ်ဖြတ်ခံခဲ့ရတယ် …
သူနဲ့အတူ အာဇာနည်များ …
တိုင်းပြည်ဟာ
လွတ်လပ်ရေးတံခါးဝကို ရောက်ခါမှ
တပြည်လုံး မျက်ရည်နဲ့မျက်ခွက်
ဖြေလို့ မပြေနိုင်တဲ့ ကြေကွဲမှုမျိုးနဲ့ နိုင်ငံတော်ဘဝကို ရောက်ခဲ့တယ်။
အောင်ဆန်းကို ဘယ်သူသတ်သလဲ
ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ
ဆိုတော့
လက်တွေ့ လုပ်ကြံသတ်ဖြတ်ခဲ့သူ
ဂဠုန်ဦးစော
ဘရင်းဂန်းသေနတ် အလက် ၂၀၀ ကို ထုတ်ပေးသူ
နယ်ချဲ့အင်္ဂလိပ် စစ်ဗိုလ်ကလေး ဗီဗီယန်း
နောက်ကွယ်က စီမံကြိုးကိုင်ခဲ့သူ
ကျဆုံးနေတဲ့ နေမဝင် နယ်ချဲ့အင်ပါယာကြီး
လန်ဒန်မြို့ ဒေါင်းနင်းလမ်း အစိုးရ
အတွေးများ …
အချက်အလက် အဖြစ်မှန်များ
ခုဆို
နှစ်ပေါင်း ခြောက်ဆယ့်ငါးနှစ် တိုင်ခဲ့ပြီ။
တလောလေးက
ဗိုလ်အောင်ဆန်းသမီး
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
ဥရောပခရီးစဉ် သွားခွင့်ရခဲ့တယ်။
နော်ဝေ ရောက်တယ်
အိုင်ယာလန် ရောက်တယ်
ပြင်သစ်နိုင်ငံ ပါရီကိုရောက်တယ်
အင်္ဂလန်နိုင်ငံ ရောက်ခဲ့တယ်။
သူမကို
လန်ဒန်မြို့
ဒေါင်းနင်းလမ်းမှာ
အင်္ဂလန် လက်ရှိဝန်ကြီးချုပ်က ကြိုဆိုခဲ့တယ် …
၁၉၄၇ ဇန်နဝါရီလ
ဗိုလ်အောင်ဆန်းနဲ့ ကလီးမင့်အက်တလီတို့
နှစ်ယောက်တွဲ ဓာတ်ပုံရိုက်တဲ့နေရာမှာ
၂၀၁၂ ဇွန်လ
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေးဗစ်ကင်မရွမ်းတို့
အမှတ်တရ ဓာတ်ပုံ တွဲရိုက်ကြတယ်။
အဲဒီအချိန်ကလေးမှာပဲ
တိုက်တိုက်ဆိုင်ဆိုင်
မိုးစက်ကလေးတွေ ကျဆင်းလာတယ်ပြောတယ်။
အဲဒီ မိုးစက်ကလေးတွေဟာ
ဝန်ကြီးများရုံးရှေ့က
တခါက ကြေကြေကွဲကွဲ မျက်ရည်စတွေလား
ဒီပဲရင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်လုပ်ကြံမှုကြီးရဲ့
မတိတ်နိုင်သေးတဲ့ မျက်ရည်မိုးစက်ကလေးတွေလား … ။
ပြည်တွင်းစစ်ကိုလည်း မရပ်သေးဘူး
ငြိမ်းချမ်းရေးဟာလည်း
မသေချာ မရေရာ ထင်ယောင်ဝိုးတဝါးနဲ့ …
ငယ်ငယ်ကလေးတည်းက ၁၉ ဇူလိုင်လကို ရောက်ရင်
ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေကို သတိရနေမိတာပါပဲ … ။ ။
ဇူလိုင် ၁၈၊ ၂၀၁၂

2 comments:

လွင်ပြင်လှိုင်းငယ် said...

ကဗျာရှည်လေးအားပေးသွားပါတယ်

စံပယ်ချို said...

ဗိုလ်ချုပ်နဲ့ အပေါင်းပါတစ်စုကိုသတိတရနဲ့ကဗျာလေးဖတ်ခဲ့မိတယ်

Post a Comment