အလင်းနှစ်အောက် ပန်းကောက်ထွက်သူ

အလင်းနှစ်အောက် ပန်းကောက်ထွက်သူ
ခန့်မိုးကို


အပြုံး

ရှေ့မတိုးနောက်မဆုတ်
အဲဒီလိုမဟုတ်ဘူး
နှုတ်မရတဲ့ မျက်နှာကြောမာ
မတ်တပ်ပင်ခြောက် အပြုံးသေ
ရင့်ရင့်သီးသီးဟန်ဆောင်
နောင်နှစ်ပေါင်းများမြောင်
အယောင်ယောင်အမှားမှားမဖြစ်ချင်
ရေရာတယ်ဆိုရင်ဖြင့်
သင် မင်း ငါ တို့အချင်းချင်း
ရင်းခဲ့တဲ့ ဘ၀တွေကြား
မြင် ကြား ထိတွေ့ ဆက်ဆံရေးမှာ
အောက်ကျနောက်ကျတဲ့မူကျင့်တွေဖျောက်
နွေးထွေးတဲ့ အပြုံးစစ်
ပြုံးဖြစ်အောင် ပေါင်းစည်းညီညွတ်ပါစေတော့။


အမုန်း

ခါးခါးသီးသီး..
နှလုံးသားနောက်ကွယ်
ရောက်လွယ်တာမှန်ပေမယ့်
ဗီဇတူ ကဏဦးမေတ္တာမျှသူတွေမို့
နာတယ် သာတယ် မတွေးချင်တော့ဘူး
ရူးလောက်အောင် ချစ်တတ်သူတွေကြား
အမုန်းတရားတွေ လွင့်ကြွေသွားပါစေတော့။


ရှုံး

နှလုံးအေးသတဲ့
အချစ်တပွဲ စစ်ပွဲတရာ
နစ်နာတဲ့ ဒီအရှုံးတွေထဲ
အသဲနာစရာတွေ တင်းရစ်
သမိုင်းစင်စစ်ဖြစ်ခဲ့ပေမယ့်
ဘယ်တော့ ပြန်ဖြစ်ခွင့်မရချင်တော့
မတူခြားနားခြင်း နည်းနာသစ်ဟာ
လက်ခံခြင်း အမှန်ဖြစ်ဖို့
အားလုံးတွေးတဲ့ အရေးသစ်မှာ
လက်တွေ့လည်းပါတယ်ဆိုရင်
မေတ္တာလမ်းသစ်ဖွင့်
ပန်းအစစ်လည်းပွင့်
မကြာတော့မယ့်အလင်းနှစ်အောက်
ပန်းကောက်ထွက်ရင်း
ကြောက်ခြင်းစိုးစိတ် ဖိတ်စင်ဝေးကွာ
ကျနော်တို့ သားချင်းများ
ကမ္ဘာတည်သ၍ စိတ်အေးချမ်းမြေ့ရပါစေတော့။


နိုဝင်ဘာ ၂၂၊ ၂၀၁၁

2 comments:

စံပယ်ချို said...

မေတ္တာလမ်းသစ်ဖွင့်
ပန်းအစစ်လည်းပွင့်
မကြာတော့မယ့်အလင်းနှစ်အောက်
ပန်းကောက်ထွက်ရင်း------စကားလုံးလေးတွေပြောစရာမရှိ
အရမ်းကောင်းတယ်))

Sofar Away Fromu said...

...........................

Post a Comment