ဝါကျင့်ကျင့်
မှတ်တမ်း
ကိုဇော်ငြိမ်း
ဆံပင်ရှည် ညှင်းသိုးသိုး
ဆေးလိပ်လည်း ခိုးသောက်တတ်သေး
ကျောင်းနံရံကပ် စာစောင်တွေမှာလည်း
သူများကိုပဲ ရိသဲ့သဲ့ကဗျာတွေရေး
ဘေးလူတွေလည်း မရှက်တတ်တဲ့ နင့်အား
သည်တသက် မစဉ်းစားတဲ့ …….. ။
ဆယ်စုနှစ် နှစ်စုအကျော်က
ရေးခဲ့တဲ့ ကဗျာစာရွက်လေး
အခုတော့
…. ဝါကျင့်ကျင့်လေးတောင်
ဖြစ်ခဲ့ရပါပြီ ချစ်ရသူရယ် ……..
မနေ့တနေ့လိုပဲနော်
အဟောင်းတွေက အသစ်ဖြစ်တာ
ပြောင်းလဲလာတဲ့ ခေတ်ကြီးကြောင့်
အသစ်တွေက အဟောင်းဖြစ်တာ
မပြောင်းလဲသေးတဲ့ ရင်ဘတ်ကြောင့်လို့
တမင်ဘတ်၊စ်၊ကားဂိတ်မှာ စောင့်ခဲ့ရတဲ့နေ့တွေ
ဘယ်လိုမှ မေ့လို့မရသေးတာကတော့
အမှန်ပါပဲလေ
………….. ။
ဗမာဆေးပါတဲ့ ကွမ်းရာဝါး
မနဲကြီးကို အားတင်းပြော
ဇောချွေးတွေ ပြန်ပြီးတဲ့နောက်မှာ
နင်နဲ့ငါ ချစ်သူတွေဖြစ်ခဲ့ကြတယ်နော် …
ပထမဦးဆုံး နင်ချိန်းတဲ့မနက်
ဒီတသက် ဘယ်လိုမေ့လို့ရမှာလည်း
တညလုံး အိပ်မပျော်
မိုးမလင်းခင် လမ်းထိပ်ရောက်
ဆိုက္ကားသမားတွေနဲ့ ကျားထိုးရင်းစောင့်
မိုးတွေကရွာ အို … ချမ်းရမှန်းတောင် မသိတော့ပါဘူးဟာ
နောက်နေ့မှ နင်ကပြော
မနက်မိုးလင်းတွေ့ရဖို့
ထိတ်လန့် ရင်ခုန်မိနေတာမို့
မိုးသာလင်းရော အိပ်မပျော်
ဟောတော်
….. ကိုးနာရီမှနိုး
သူ စိတ်ဆိုးလား ဟင် တဲ့ ….
စိတ်ဆိုးဖို့ နေနေသာ
အောက်သွားမရှိတဲ့ နွားပြာကြီးမျက်နှာဖုံး
ငါ့မျက်နှာမှာဖုံးနေတာ နင်အသိခဲ့ဆုံးပါ ဟာ ………… ။
ပြီးတော့ ပထမဆုံး
အတူကြည့်ဖူးတဲ့ ရုပ်ရှင်
ကျော်ဟိန်းနဲ့ ခင်သီတာထွန်းရဲ့
ကိုကိုနဲ့ပဲ
နေချင်တယ်ဆိုတဲ့ ဇတ်ကား
ဧရာဝတီ ရုပ်ရှင်ရုံရဲ့
နောက်ဆုံးတန်း ခုံလေးဒေါင့်မှာ
တစ်ယောက်လက် တစ်ယောက်မထိရဲ
ဇတ်ကားသာ ပြီးသွားရဲ့
စကားတွေလည်း မပြောဖြစ်
သူငယ်ချင်းတွေသာ သိရင်
သင်ပေးလိုက်သမျှ အတိုးချပြီး
ဝိုင်းထိုးကြမှာများ မတွေးဝံ့စရာပါလားနော် ………….. ။
ဇဝနမှတ်တိုင်ထိပ်က
အလွမ်းကဖီးရဲ့ ချောင်လေးထဲမှာ
နှစ်ကျပ်ခွဲတန် လ္ဘက်ရည်ခွက်လေးတွေရှေ့ချ
အပေါ်ယံမျက်နှာတင်းလာတဲ့ လ္ဘက်ရည်ခွက်ကလေးတွေ
တငုံမှ မသောက်ဖြစ်ကြ
တစ်ယောက်မျက်နှာ တစ်ယောက်ခိုးကြည့်
မျက်လုံးခြင်းဆုံတော့ နှစ်ယောက်စလုံးခေါင်းငုံ့
ငါကလည်း စားပွဲခုံကို လက်နဲ့ ချေးတွန်း
နင်ကလည်း လက်ကိုင်ပုဝါကိုချေမွ
အဲဒီတုန်းက ပြိုင်တူရယ်ခဲ့ကြတယ်နော် ………… ။
ဆောင်းတမနက်ခင်း
တို့မြို့နယ်ရဲ့ လက်ဆည်ကန် ဘောင်ကသင်းမှာ
နင်က ဖီးဆန့်ဘီး
အစိမ်းရောင်လေးကိုနင်း
ငါကတော့ ဘေးကနေပြေးလိုက်
တကယ်ဆို ငါကလည်းပြိုင်ဘီးလေးကို နင်း
နင်နဲ့အတူတူ ရေဒီယိုသီချင်းဆိုရင်း
ပြည့်စုံမှုရဲ့အရသာ ခံစားချင်တာပေါ့ဟာ
သို့ပေသော်ငြား
…………….
ငါပြိုင်ဘီး
နင်းခဲ့ရတာ အိမ်မက်ထဲမှာပါလား
သြော်
…………
ဝန်ထမ်းသားသမီးရဲ့ဘဝ
ရင်ထဲမျှားထိမှ သိခဲ့ရပါလားနော် ………… ။
ကျူရှင်ဖိုး မတတ်နိုင်တဲ့ငါ
နင်ကျူရှင်ရှေ့မှာ စောင့်ရတာများလာတဲ့အခါ
ဆရာကတောင် ဂရုဏာသက်
လစာမပေးနိုင်လည်း
လာတက်လို့ရပါတယ် တပည့်ရာတဲ့ ……. ။
တို့နှစ်ယောက်ရဲ့ မညီမျှခြင်းတွေက
အဲဒီ့အချိန်ကတည်းက စခဲ့မှန်း
အချစ်စိတ်တွေ လွှမ်းနေတုန်းက မသိကြဘူးလေ
ငွေဓနကြောင့်
အခြေမလှတဲ့ ဘဝနှစ်ခု
နင့်မိဘတွေ သိသွားတဲ့အချိန်မှာ
မျက်ရည်ပင်လယ်တွေ ဝေခဲ့ကြတယ်နော် …..
တနိုင်ငံထဲမှာ တမြို့စီခြား
နှစ်ယောက်စလုံး အလူးအလိမ့်ခံစားခဲ့ကြတယ် ..
နောက်ဆုံးတော့လည်း ကွဲစေသတည်းဆိုတဲ့
အလွမ်းပင်လယ်ကြော တို့နှစ်ယောက်မျော
အခုတော့လည်း တစ်နိုင်ငံဆီခြား
နင်ကော ……..
တခါတလေသတိရနေမလား ………… ။
ဒါပါပဲခင်ဗျား
…………
ဆယ်စုနှစ် နှစ်စုတောင်ကြာပြီဆိုတော့
ဘဝတွေဟာလည်း
ကဗျာစာရွက်လေးလို ဝါကျင့်ကျင့်တွေဖြစ်ခဲ့ရပါပြီ …
နွေရာသီမှာ သတိရစရာလေးတွေရှိသလို
မိုးရာသီမှာ ထိရှစရာလေးတွေလည်းရှိခဲ့ပါတယ်
ဆောင်းရာသီမှာ မေ့လို့မရသလို
သင်္ကြန်ရောက်လည်း တွေ့လို့မရတဲ့ အဖြစ်တွေပါလေ
ငယ်ကအချစ် နှစ်တစ်ရာမမေ့သာတဲ့
အခုချိန်များပြန်တွေ့ကြရင် မှတ်မိမှာလား
ရင်ကွဲနာဆိုတဲ့စကား
ဘဝမှာ ရင့်ကျက်သွားလည်း
ဘယ်တော့မှ ပျောက်ပျက်မသွားပါဘူးလေ ………….. ။
ပြန်မရတော့တဲ့ တမ်းတခြင်းတွေနဲ့အတူ
လွမ်းရတမ်းတ နေပါတယ်ချစ်သူရယ် ….
ပျော်ရွှင်
ချမ်းမြေ့ ကြည်နူး ပြည်စုံ
ပါစေဆိုတဲ့ဆုတောင်း
မျက်ရည်ပေါင်း ထောင်သောင်းများစွာနဲ့
လှိုက်လှဲရင်ဖိုစွာ ဆုတောင်းပေးနေပါတယ်လေ
ရေခြားမြေခြား ပေမယ့်လည်း
နှလုံးသားတွေ ဘယ်လိုမှဝေဝါးမသွားပါဘူး
ရှင်ကွဲ
ကွဲခဲ့ရပေမယ့် ရင်ထဲဆွဲနေဆဲပါကွယ်
ကြာရိုးလေးဟာ ရတိပြတ် - ပြတ်သွားပေမယ့်
အမျှင်အတန်းလေးတော့ ကျန်ခဲ့ပါတယ် …
သံယောဇဉ်ကြာနွယ်ရိုး လွယ်လွယ်ချိုးလို့ရပေမယ့်
သံယောဇဉ်အမျှင်အတန်း ရှင်ခန်းတကယ်ဖြတ်ခဲ့ရတယ်နော် ….
ကြိုးတစ်ချောင်းဟာ အလယ်ကပြတ်သွားခဲ့ရင်
နှစ်ဖက်စလုံးမှာ ဒါဏ်ရာကျန်ခဲ့တာမို့ ………….. ။
ချစ်ရသူရယ်
……..
နောင်ဘဝဆိုတာ ရှိခဲ့ရင်
ဘယ်သူ့ဘယ်သူကိုမှလည်း အပြစ်မယူပါဘူး
ကြင်ဖူးစာ
မမည်လို့
ကျွမ်းလို့သာ ဗျာပါသင့်
လွမ်းဖို့ရာ လူလာဖြစ်တဲ့
တို့နှစ်ယောက်ဘဝ
သံသရာအဆက်ဆက်မှာ လှပါစေလို့
မရဲတရဲတောင်းဆုတွေ မြတ်စိန္တေထံချွေပါရစေ
လူတန်းစားမညီမျှတဲ့ ချစ်သူများ
ခေတ်အဆက်ဆက်မှာ
ပေါင်းဖက်နိုင်ကြပါစေသား
……. ကွယ် …………. ။
1 comments:
ကျောင်းနံရံကပ် စာစောင်တွေမှာလည်း
သူများကိုပဲ ရိသဲ့သဲ့ကဗျာတွေရေး
ဘေးလူတွေလည်း မရှက်တတ်တဲ့ နင့်အား
သည်တသက် မစဉ်းစားတဲ့-----ရိတဲ့ကဗျာရေးခဲ့ဖူးလို့တိုက်ဆိုင်နေတဲ့သူတစ်ယောက်က အထင်မှာပြီးအဆဲခံရဖူးတယ်---
ကျူရှင်ရှေ့မှာ စောင့်ရတာများလာတဲ့အခါ
ဆရာကတောင် ဂရုဏာသက်
လစာမပေးနိုင်လည်း
လာတက်လို့ရပါတယ် တပည့်ရာတဲ့ ---ငယ်ဘ၀ကျူရှင်တက်ခဲ့ပုံလေးတွေလဲပြန်မြင်မိပါရဲ့
နောက်ဆုံးတော့သူမနဲ့လွှဲခဲ့ရတာပေါ့နော်
စဆုံးအားလုံးဖတ်ကောင်းပါတယ်ရှင်။
ခင်မင်လျှက် jasmine
Post a Comment