တမ်းတတာတွေ
ကိုဇော်ငြိမ်းနွမ်းကြွေတပွင့်မို့
ပန်းတွေအလယ် မတင့်ခဲ့လည်း
နင်းသွားရာ လမ်းတလျှောက်
အညံ့ပန်းရနံ့ သင်းပျံ့မယ့်လေး...
ဝေဒနာရောင်စဉ် သံယောဇဉ်ကို
ဘဝခရေ အချစ်တွေနဲ့
နှလုံးသားကျမ်းစာ ပြုစုလိုက်သည်
အသည်းသိထိုက်ပါစေသား..........။
အားနာမှု သစ်သီးတစ်လုံးကို
ဟန်ဆောင်မှုကင်းစွာ စားသောက်ခဲ့တာ
လက်ပိုက်ပြီး ရပ်ကြည့်နေတော့
အင်း.... ရှက်များတောင် ရှက်မိတာပေါ့
သိဘူးလေ..လိုက်လျှောတာလား အမိုက်နှောတာလားလို့
သိလိုက်တာတော့ တခုပဲရှိတယ်
နှောင်းခေတ်လွန် အပြုမူတွေကို
ရာစုရေစီးကြောင်းပေါ်က ခေတ်သမီးပျိုကတော့
အပြစ်ကြီးပဲ ဆိုချင်ဆို
ပြောထားပြီးပါပကော...ဘာတဲ့
ကျေးလက်က အရိုးသားဆုံး နှလုံးသားပါတဲ့
မြေကိုတိုင်တည်ထားတဲ့ သစ္စာစကားပါ
အနုမြူခေတ်မှာ နောက်ကျခဲ့တာတော့
ဘာမှ ကြောင့်ကြစရာမရှိပါဘူး
ပြတ်သွားတဲ့ ဖိနပ်သဲကြိုး သံရိုက်ပြီးပြန်စီးတာ
သိပ္ပံပညာရှင်ကြီးများကို စော်ကားတာမဟုတ်
ဘဝမှာ အတော်များများက ဟာကွက်တွေနဲ့ပြည့်နေလို့
နော့်......ဘာရှက်နေစရာလိုသေးလဲ
မျက်နုကြိုက်တာ..နွားအိုပဲ........။
တကယ်ပါ ဝပ်တွားခယတောင်းပန်
ဗြောင်းဆန်နေတဲ့ နှလုံးသားမှာ
စီးပွားရေးရဲ့ ရိုက်ချက်လား
သမီးရည်းစားရေးအတွက် လှိုင်းဂယက်လား
တကယ်တမ်းမှိုင်းတက်သွားတာကတော့
ယိုင်နဲ့နေတဲ့ ဗလာစာအုပ်ထဲက
မကြာမကြာထုတ်ထားတဲ့
အတွေးအခေါ်..အရေးအာဘော်နဲ့
အယ်ဒီတာပယ်ပစ် စာမူတချို့နှင့်ပေါ့
စားပွဲပေါ်က စာရွက်ပုံထဲမှာ
အသည်းတစ်ယောက် ပုံစံမျိုးစုံနဲ့ နေရာယူထားပြန်တော့
ကဗျာဆရာရဲ့ပီတိ...သက်ဆိုင်သူကတော့ မထိတထိနဲ့ပေါ့လေ
ကဗျာထမင်း ကဗျာဟင်းဟာ
မဆလာနံ့ကော သင်းပါ့မလားတဲ့..........။
အင်း....အစပိုင်းက ဘာမှမသိ
အလယ်ကျပြန်တော့ ဘာမှမထိ
အဆုံးကျပြန်တော့ ဘာမှမရှိတဲ့...ကဗျာတထွာမှ
ညည်းက အယ်ဒီတာလုပ်...စာမူခထုတ်
ပြီးတော့.....
ပြီးတော့ ....နောက်ပြန်ဆုတ်တော့တဲ့
ငြိမ်းအေးတဲ့ အမြိုက်တရား တွေ့လိုတွေ့ငြားပေါ့လေ
ရာသက်ပန်ကျောခြင်းကပ် ရှေ့တူရှူသို့ ဦးတည်ထွက်ခွာ
အဲဒီ့တုန်းကများ..ငြီးငြူတယ်ဆိုတာ ရှိခဲ့လို့လား
သို့ပေမယ့်ငြား.....
မုဆိုးခြေထောက် ဆူးမကြောက်ပေမယ့်
ကဗျာဆရာခြေထောက် ဆူးပေါက်ခဲ့တယ်
အရူးတစ်ယောက်ဟာ သူရူးနေပြီဆိုတာသိတဲ့အခါ
ရောဂါတဝက် သက်သာသလို
အဖြစ်သည်းပိုတဲ့ အသိုင်းဝိုင်းအတွင်းက
အရိုင်းစိုင်းတစ်ယောက် ကင်းသွားပြီလို့
ပျော်သူပျော်...မော်သူမော်နဲ့
အဲဒီ့တုန်းက ဝမ်းသာမှုပွဲတော်ဟာ
ရွာကဘုန်းကြီးပျံပွဲထက်လည်း စည်ကားခဲ့ဘူးပါရဲ့.......။
ကြည်စားသက်သက်ဆို ခံရကောင်းပါတယ်
ခုတော့....လှမ်းဘို့ခက်နေတဲ့ခြေကို
စည်းဝိုင်းအတွင်း အတင်းဆွဲချ
ငြင်းမရအောင် ကမ်းပြိုသည့်စေတနာ
တကယ်ပါ ဘာဆိုဘာမှမသိရတာ
ကျားကွက်ပေါ်မှာ ကင်းပေါက်သွားပြီတဲ့
ကဲ...မင်းယောင်္ကျားဆို ပြတ်သားစမ်း
သွား...ဟိုအမှောင်ထဲမှာစောင့်
ရှင်းသန့်တဲ့ နေ့ရက်ရောင်ခြည်လာမှ
ဟန်ဆောင်မှု အက်စစ်မိုးရေစက်များ
ခြင်းကြားနဲ့အပြည့်သာ ခံထားလိုက်......။
အင်း...ချန်ထားရင် ရန်များတယ်
ရှိ ပူနေရသေး..သင်းကုန်မှအေးမယ်
ဒီမှာ ရှိစုမဲ့စုအသဲတစ်ခြမ်း
ဆားပက်လို့ နေလှမ်းထားတယ်
အခါတော်မှီအရေး စာတိုက်ကနေ ဗွီပီပီ နဲ့ပေးလိုက်မယ်
ဘာလဲ....မယူရဲတာလား...မယူဝံ့တာလား
ကြောက်နေတာတော့ မဟုတ်ဘူး
ဒါဆို နောက်နေတာများလား
ကဲ...ဘာဆိုဘာမှ ဗျာများမနေနဲ့
တခါတုန်းကလို ရယ်ပြလိုက်..........။
ရွှေရောင်တလက်လက် ရွှေနှုတ်ခမ်းက
ရွှေကျေးဇူးတင် စကားလုံးကြီးများ
တပည့်တော်အား ပေးသနားပါဘုရားလို့
အတ္တဆုကို အသနားခံကြည့်
မျှားမှန်မိတာ လူသိတယ်
ရင်တွင်းမျှားဆိပ် တစစ်စစ်နာကျင်
အသစ်မတွေ့ထာဝစဉ်...အချစ်ရှိသရွေ့ကမ္ဘာတည်ချင်
ခင်ရယ်....ဖြစ်ခဲ့သမျှအရာမထင်ခဲ့ပါလားကွယ်.......။
ရာဇဝင်မှာတော့ စာမတင်လောက်ပါဘူး
အကြင်နာမဲ့တဲ့ (ရင်) ရှောင်လွှဲရတဲ့ခဏ
လင်္ကာနဲ့တင် ရောင့်ရဲရတဲ့ ဘဝမှာလေ
ရှိတတ်တဲ့ အမူကျင့်က မိုက်မဲစွာရိုးသားနေဆဲ
အကြိုက်ချင်းလွဲတာကတော့ တမျိုးများထင်မလားပဲ
ပြီးတော့ မြို့ပြရဲ့ ယဉ်ကျေးမှုတခုမှာ
ရယ်စရာဟာသတစ်ကွက်နှောလို့
အတည်ပါ အညာခံခဲ့ရရှာသော
ကျေးလက်ကနှလုံးသား
ဆုံးရှုံးခြင်းတရား အထွေထွေနဲ့
ဗျာပါဒ အမောတွေဝေခဲ့ရတဲ့အဖြစ်ကိုလေ
နွမ်းလျှစွာတွေး...တွေးရင်းပေါ့.........။
ရတနာအား ရိုကျိုးခယထာဝရပါ
ဒါတင်မက နောင်တမလွန်ရဲ့ဟိုမှာတဖက်ကမ်းတွင်
သခင်မနဲ့ ကြုံလာခဲ့စမ်းရင်
အမှတ်မရှိတဲ့အသည်းမို့ ထပ်ချစ်မိမှာမလွဲပါဘူးခင်
ပစ္စက္ခအခြေမှာတော့ ဥဒ္ဓစ္စစိတ်ကူးဘဝနွမ်းလု
ရင်နာစရာဇာတ်လမ်းတခုကို
မင်္ဂလာပါလို့ မှတ်တမ်းပြုရင်း.....။
မှတ်မိသေးရဲ့ပေါ့......
ထာဝရလား ရာသက်ပန်
ကျေးလက်က အရိုးသားဆုံးနှလုံးသား
မြို့ပြရဲ့ ကျောက်ခေတ်နှလုံးသားလေ
ဒီဘဝအတွက်တော့ ဟန်ဆောင်မှုတွေနဲ့
ပြုံးပြရဲချင်လိုက်တာ
အပြစ်ကင်းတဲ့ အက်စစ်ပြင်းကို
တက်မက်ခြင်း ခံတွင်းတွေ့
ထမင်းမေ့ ဟင်းမေ့အောင်...(တမ်းတတာတွေ)
ကွယ်......
ဖွေရှာမရတဲ့ အပြစ်ဖွဲ့စကား
အဖြေရှာမရတာ...အချစ်တဲ့ များလားကွယ်.........။
0 comments:
Post a Comment