အကြောင်း

 အကြောင်း
ကိုဇော်ငြိမ်း
ငါတို့နှလုံးသားထဲက....အသံတွေ
ငါတို့လက်မှာ ...မာန်ဝံ့ နေရမယ်
တွေးကြစမ်းပါ....ရေးကြစမ်းပါ
ကမ္ဘာကြီး ပူနွေးတဲ့ အကြောင်း
လူတွေငိုကြွေးတဲ့ အကြောင်း
အမြဲမစိမ်းတော့တဲ့ သစ်တောအကြောင်း
နလံမထူတော့တဲ့ နာဂစ်အကြောင်း
အကြောင်း............ ကြောင်းပေါင်းများစွာမှာ
အားသာတဲ့ အချက်တွေတွေး
အားနည်းတဲ့ အချက်တွေ ဆွေးနွေး
မဝေးတော့တဲ့ ဗန်းထဲက စပါးလုံး
ရွေးကောက်မယ်ဆိုရင်တော့
အင်း.............
တွေးလောက်စရာတွေ ပေါ်လာပြီပေါ့.......။

အမျှော်ကြာပြီ ဖြစ်တဲ့ ရွှေပြည်သစ်
ငါတို့လက်တွေနဲ့ မှတ်တမ်းစစ်မယ်
အဝေးကငိုနေတဲ့...
မိခင်အို နဲ့ ချစ်သူပျို...
အနှစ်ပါတဲ့ မေတ္တာစကားတွေနဲ့ ရေးလိုက်မယ်
တိုက်ပွဲဆိုတာ
ရဲရင့်သူတွေတွက် အောင်ပွဲပါပဲလေ..........။

အမှောင်ထဲမှာ နေရတဲ့ရက်တွေများ
အင်တာနက် အီးမေးလ် ခောတ်ကြီးထဲမှာ
ငါရေးတဲ့ အချက်တွေ
ကျောက်စာတွေ ဖြစ်နေပါရော့လား
အသစ်တွေကို စားနေသူလူအများ
ငါတို့ပိတ်နေတဲ့ မျက်စိအကြောင်း
ကန်းနေတဲ့ နားတွေအကြောင်း
အင်း....သောင်းပြောင်းရေးရင်
စာပေစီစစ်ရေး ပယ်ချမယ့်အရေးတော့
အာမ မခံနိုင်ဘူးပေါ့.........။

အဲဒီ့...မခံနိုင်ဘူးဆိုတာကနေ အစဆွဲထုတ်
ကျေးလက်ရဲ့ သရုပ်
ရှားပါးသည့်ရေအကြောင်း
ကောင်းကောင်း ရေးတတ်ချင်တယ် သူငယ်ချင်းရယ်......။

ပြီးတော့ ငါအရေးချင်ဆုံး အကြောင်းရှိသေးတယ်
အဲဒါကတော့.......
တို့ပြည်ကြီးကို သံကျိုးပတ်
သော့အထပ်ထပ်ခတ်တဲ့ ကြားက
လွတ်လပ်ဘို့ အရယူ
ဖခင်ခြင်းတောင် မတူတဲ့ ဖခင်အကြောင်း
လက်မောင်းသွေးကို မှင်လုပ်
နှလုံးသားမှန် ကလောင်တံနဲ့ ရေးခြစ်လိုက်ချင်တယ်
အာဇာနည်ဆိုတာ..
ကမ္ဘာရှိသရွေ့ တည်နေမှာပါကွယ်

မိခင်အို နဲ့ ချစ်သူရယ်
မျက်ရည်တွေ နဲ့ ငါရေးနေပါတယ်
သူရဲကောင်းများဟာ
တွေးရင်းနဲ့ စွန့်လွှတ်ရတယ်
ရေးရင်းနဲ့ ငှက်သင့်ရတယ်
ငေးနေရင်းနဲ့ ရေးနေရမယ်
(ငါ့လက်တွေ မရပ်သရွေ့ပေါ့ကွယ်)
ပြန်ဆုံမယ့် မနက်ခင်းလေး
နှလုံးသားတွေ နွေးနေတတ်ဖို့
အင်း.................
ဆက်ရေးတတ်အောင်....တိုက်ပွဲဝင်ကြစို့........။


0 comments:

Post a Comment