သင်တို့ဟာ အနုပညာနဲ့ ယူဇနာ တသိန်းကျော် ကွာနေပါကြောင်း

အောင်သာငယ်
မိုးမခ၊ မေ ၁၅၊ ၂၀၁၁

အနုပညာနဲ့ ယူဇနာ အသင်္ချေဝေးတဲ့သူများဟာ...
သနားစရာကောင်းတယ်...
 ပန်းသီးတလုံးကို... ငါကတွေ့တဲ့အခါ...
ချစ်ခြင်း မေတ္တာလို့ ပြောမိတယ်...
 အဲသည်လူတွေကတော့...
ဒီပန်းသီးကလည်း
ဈေးကြီးလိုက်တာ တဲ့...
း))း)) ဟား.. ဟား...
 ဧဒင်ဥယျာဉ်အနားမှာလည်း
သူတို့ခမျာ... မသီသွားရရှာပါဘူး...
 မြွေတကောင်ရဲ့ ဖျားယောင်း သွေးဆောင်မှုကိုလည်း
သူတို့ ကောင်းကောင်း သိမယ် မထင်ဘူး...

 မြို့တမြို့ အကြောင်းကို ငါက... ပုံအဖော်မိကောင်းတာနဲ့
သည်မြို့မှာ မနေချင်ရင် ထွက်သွား-ဆိုပဲ...
ဟဲ... ဟဲ... ဟ... ဟ...
ခက်နေကြပြီပေါ့ကွယ်...
 မောင်ရင်က မြို့တော်ဝန်-လားလို့-မေးတော့လည်း ပြန်မဖြေရှာဘူး...
အရူးတွေနဲ့တော့ ငါ ရန်မဖြစ်ဘူးကွယ့်...း))

 ပို့လန်းမြို့ကိုများတော့
အက်စ်တိုးရီးယားလောက်ကို ငါမချစ်ဘူး...
 ဆန်ဖရန်ဘေး ဧရိယာက
စာဖတ်သူတဦးကို ပြောလိုက်ပါရဲ့...
ပို့လန်းက မြို့ခံ တဦးကို ပြောလိုက်ပါရဲ့...
 ကျနော့် အမည်ဟာ
အောင်သာငယ်ပါ...
 ကျနော်က ကဗျာဆရာပါ...
ရန်လိုသူတဦး မဟုတ်ပါ...
 မြို့တမြို့ကို
အောင်သာငယ်က အနုပညာ နို့ရည်ထဲနှစ်ပြီး အချဉ်ဖောက်လိုက်ပါတယ်...
ယာဂုဖြစ်သလား...
ဒိန်ချဉ်ဖြစ်သလား...
သင်ပဲ စဉ်းစားပါ...
 ဥပမာ...
၁ နဲ့ ၁ ပေါင်းတဲ့အခါ (၁) ပဲရကြောင်း
သင်တို့ ကောင်းကောင်း သိခဲ့တဲ့အခါ
အနုပညာကို သင်တို့ နားလည် ချစ်ခင်တတ်လာပါလိမ့်မယ်....

အဲသည်အခါကျမှပဲ
အောင်သာငယ်ရဲ့ အီးမေးလ်လိပ်စာ
သင်တို့ထံပို့လိုက်ပါ့မယ်...
 သာကြောင်း မာကြောင်း
အစစ အရာရာကောင်းကြောင်း
ပဋိသန္တာရ စကားများကို
ပြောကြားဖို့ပါ...
 အာမင် ... ။            ။

0 comments:

Post a Comment