ရင်ထဲမှာလည်းဆောင်းရာသီ

ကိုဇော်ငြိမ်း 



တောင်ပေါ်ဒေသရဲ့ မြေနီလမ်းကလေးမှာ

အတူတူဆိုဘူးတဲ့ ခရစ္စမတ်သီချင်းလေးကိုပြန်တမ်းတရင်                                             

ဆောင်းရာသီရောက်တိုင်း ဝေ့ဝဲကျလာတဲ့

နှင်းမှုန်ကလေးတွေကိုလည်း  သတိရတတ်ရင်

သတိရနေမှာလားကွယ်

တမ်းတပါတယ် ချစ်ရသူရယ် ..

ပြန်မရတော့တဲ့ နှင်းကလေးတွေ
 
အရည်ပျော်ကုန်တဲ့ သီချင်းလေးတွေဟာ

ခုချိန်ဆို တမြေခြားမှာ တခြားအဖေါ်တွေနဲ့ သူပျော်နေမလား

ရေမြေသစ်ရဲ့ အခြေအနေစနစ်မှာ သူ မော် နေမလား

ဒေသန္တရဟောင်းလေး တစ်ခုက တောင်းဆုသံတွေ ဘဝဠ်ညံနေစမြဲမို့ ….

အစဉ်အမြဲထာဝရ  လွမ်းနေမည် …. 

သြော်
ရင်ထဲမှာတော့   ဆောင်းရာသီ …………….


နှောင်းတော့ နှောင်းပါလေပြီ

မပြောင်းလည်းသေးတာက ဒီရင်ဘတ်ဟောင်း

မြေနီလမ်းကလေးမှာ  အကြင်နာဆောင်းတစ်ည

ပိုးစုန်းကြူးလေးတွေတောင်  မျက်စိမှိတ်ခဲ့ရ

ချစ်သူရယ် ….  အပြင်မှာ နှင်းတွေဝေနေတာ
 
ဘာကြောင့်များ  တို့နှစ်ယောက် နွေးနေရတာလည်း

အခုလည်း …. တွေးနေရပါတယ်

ကြင်နာသူ …. တမြေခြားမှာ  

နွေးထွေးနိုင်ဖို့အရေး

တို့လေမရဲတရဲ တောင်းဆုလေးတွေပေးချင်တယ်

ငယ်ကတည်းကပဲ  ချစ်ပါသည်
 
ရင်ထဲမှာတော့ဆောင်းရာသီ…..


ဟောင်းကာနေပြီဖြစ်တဲ့ ခရစ္စမတ်ကဒ်များ

ချစ်သူပြန်လာရင်  မြင်သာအောင်
 
ချယ်ရီပင်တွေမှာ ချိတ်ဆွဲထားပါတယ်လေ

အတူတူဆိုခဲ့ဘူးတဲ့ ခရစ္စမတ်သီချင်း

နှင်းမှုန်ကြားမှာ လွင့်ပြန့်ရင်းပေါ့ …..

ဘယ်သူမှ မမြင်သာတဲ့
 
မျက်ဝန်းကမျက်ရည် နှင်းမှုန်စက်တွေနဲ့အတူကျနေမယ်

နောင်ဖြစ်လေရာဘဝတိုင်း
 
သခင်မခွဲခွာပဲပေါင်းရအတည်ကွယ် ……

ရင်ထဲမှာတော့ …. ဆောင်းရာသီ …………. 

                                              ကိုဇော်ငြိမ်း

0 comments:

Post a Comment