ရန်ကုန်

 ရန်ကုန်
နေစိမ့်


ရွှေတိဂုံကိုမြင်လျှင် အဲဒါ ရန်ကုန်လေ
ဘယ်အချိန်မဆို မှောင်မှောင်လင်းလင်း
ပိန်းပိန်းထ ရွှေရောင်တ၀င်းဝင်း လင်းလက်တဲ့ ကျက်သရေက အံ့ဖွယ်တစ်ပါး
လည်ဆံကားကား ခြင်္သေ့ကြီးတွေ
ကောင်းကင်ကို ခုန်ခုန်ဟပ်တော့မယ့် အတိုင်း
အဓိပတိဆန်ပုံက
ကမ္ဘာကြီးကိုခြုံထားတဲ့ ကတ္တီပါစလို
ထည်ဝါခမ်းနားပုံ တလက်လက်ထလို့။

ကမ္ဘာတည်သမျှ တံဆိပ်တံခွန်
ထေရ၀ါဒ ၀ိဘဇ္ဇအမှတ်အသား
လေးဆူဓာတ်တော် အမွေပိုင်ရှင်
ရွှေတိဂုံစေတီတော်မြတ်
ထူးထွေအံ့သာ ရတနာကြငှန်း
လွမ်းစရာ ဖွားဖက်တော်မရှိ
အဓိပတိရွှေတိဂုံ။

တတိယမြန်မာနိုင်ငံတော်ပဲ့ရှင်
အလောင်းမင်းတရားကြီး
ရန်ဟောင်း ရန်ကြွင်း ရန်ကြွေးတွေ ကုန်ခဲ့လို့
ရန်ကုန်...
ရန်ကုန်လို့ ခေါင်းလောင်းထိုး ကမ္ပည်းတင်
မောင်ချောနွယ် အရည်ပျော်သွားတဲ့
သွေးလေမြန်ဆန်တဲ့ မြို့တော်ရန်ကုန်။

လူရောင်စုံနဲ့ ကြိတ်ကြိတ်တိုး
ရွှေတွေပုံထားသလို ရွှေတိဂုံစေတီ ဖူးမြော်ရင်း
ကဗျာဆရာ ပါပလိုနီရူဒါ
အံ့သြမှင်တက်စီးမျော
ဧရာဝတီမြစ် လက်ဖျံရိုးပေါ်ကနေ
သူ့ဘ၀ အသစ်စက်စက်
ရေးတေးတေး လှမ်းမြင်လိုက်ရတဲ့မြို့။
အာရှကနေ ဥရောပအထိ
မြန်မာပြည်ကနေ အင်္ဂလန်အထိ
မဟာဂန္ဓာဘွဲ့တော် ခင်းကျင်း
စဥ့်ကူးမင်းခေါင်းလောင်းကြီးရဲ့သမိုင်း
ဇာတ်ပေါင်းခန်းမှာ
ကြေကြေကွဲကွဲအဖြစ်ဆိုးမှ လက်မတင်
နိုးထရုန်းကန်တိုးထွက်
ရန်ကုန်ဆိပ်ကမ်း အိကျညွှတ်မျှ
လှပမွှေးအီ ပန်းပေါင်းဝေစည်
ဝံသာနုညီလာခံ
ဗြိတိသျှတွေ ငုတ်တုတ်ထိုင် လက်မှိုင်ချ
နောင်တတွေ တနင့်တပိုးရခဲ့ကြ
သာသနာကနုတ်အမွမ်းကို
ဝါကျင့်ကျင့်ရေပြင်မှာ လွှမ်းစေလို့
မဟာသာဘုံစခန်းလှခဲ့တဲ့ရန်ကုန်
သမိုင်းမှာ တုန်သွားတယ်။

ဘယ်ကာလမဆို
ရန်ကုန်ဟာ ရန်ကုန်နဲ့
မလုံလောက် မတင်းတိမ်ခဲ့တဲ့မြို့ပါ
စိတ်ကြီးဝင်နေတဲ့မြို့ကြီး
အဖျားခတ် အညွန့်ကျိုး အမြစ်ကျွတ်ခဲ့ရ
ကမ္ဘာစစ်ကြီးနှစ်ခုကြားမှာ
မီးနေသည် သွေးလန့် လိပ်ပြာငယ်ခဲ့ရပေမယ့်
သက္ကရာဇ်တွေ ဘယ်လိုပြောင်းပြောင်း
လှိုင်းလုံးတွေ တစ်လုံးပြီးတစ်လုံး
ဘယ်လိုဖုံးဖုံး
ဗုံးခိုကျင်းတွေထဲကနေ
အမှိုက်ပုံ ပြာပုံထဲကနေ
အတောင်အလက်ကိုဆန့်
အသွေးအသားကိုညှစ်
ဗုံနဲ့လည်း မခုန်ခဲ့
တယောနဲ့လည်း မမျောခဲ့
ပို့စ်မော်ဒန်နဲ့ ထွန်းကားနေတဲ့မြို့ကြီး
အချိန်မရွေး လှေဦးကင်းစိုနေတဲ့မြို့ကြီး
ဘယ်တော့မဆို ခတ်ကွင်းပြင်နေတဲ့မြို့ကြီး
မြို့ကြီး မဟာရန်ကုန်။


မြို့လယ်ခေါင် ဆူးလေပရိဝုဏ်
မဟာဗန္ဓုလပန်းခြံ
လွတ်လပ်ရေးမော်ကွန်းကျောက်တိုင်
ကိုခါးဖွဲ့နွဲ့ထားတဲ့ ပါရမီတော်အင်းလျား
စတိုင်လ်ရှင် ကန်တော်ကြီး
ဂန္ထ၀င်ဘွဲ့နှင်းသဘင်
ဂျပ်ဆင်အဆောက်အအုံ
သစ်ပုပ်ပင် အဓိပတိလမ်း
မွှေးချင်တိုင်းမွှေးနေတဲ့ လမ်းမကြီးတွေ
လမ်းအသွယ်သွယ်တွေ
နှစ်ဆယ့်လေးနာရီ လည်ပတ်နေတဲ့ နာဗ်ကြောတွေ။

အနော်ရထာလမ်း
မဟာဗန္ဓုလမ်း
ဗိုလ်ချုပ်အောင်ဆန်းလမ်း
ဆရာစံလမ်း
ဗိုလ်အောင်ကျော်လမ်း
လမ်းတွေ... လမ်းတွေ
အဲဒီလမ်းမတွေပေါ် ကားမျိုးစုံ
အသက်ရှူကျပ်နေတဲ့ကားတွေ
ကားတွေပေါ် အသက်ရှူကျပ်နေတဲ့လူတွေ
အဲဒီလူတွေထဲ အသက်ရှူကျပ်နေတဲ့ နာမည်တွေ
ကတ္တရာလမ်းပေါ် လျှံကျ ပလက်ဖောင်းပေါ် ပြုတ်ကျ
အမြှုပ်ထလို့
ပခုံးချင်းငြိ ခြေရာချင်းခတ်လို့။

ရန်ကုန်ဟာ...
ဂျီစီဘီအေ ၀ိုင်အမ်ဘီအေ
တို့ဗမာအစည်းအရုံး
ဗမာ့ထွက်ရပ်ဂိုဏ်း
ဘီအိုင်အေ ဖဆပလ
၁၃၀၀ ပြည့်အရေးတော်ပုံ
တရုတ်ဖြူ ချန်ကေရှိတ်
အတိတ်မှာ ထုသားနှက်သားရခဲ့
အခါခါ ရွှေပြားခတ်ခံခဲ့ရ
အဲဒီမြို့မှာ ငါမွေးဖွား
အဲဒီနှုတ်ခမ်းသားကနေ
အမေပေးတဲ့နာမည်နဲ့ လူလားမြောက်
ဒုတိယနာမည်နဲ့ စိတ်ကြီးဝင်
ရင်တုန်ပန်းတုန်
ဝမ်းတွင်းမီး ထထခုန်တဲ့မြို့ကြီး။

မြင်းခွာတစ်ချက်ပေါက်ရင်
မီးဟုန်းဟုန်းတောက်ခဲ့ရ
ဘာပဲဖြစ်ဖြစ်
ထစ်ခနဲဆို တစ်ကနေစလို့
အလံတိုင် အနားသတ်ထားတဲ့ရန်ကုန်
အပျိုရည် ဘယ်နှခါပျက်ပျက်
သမိုင်းကို ပခုံးတွန့် မျက်စပစ်ပြီး
ရာဇ၀င်နဲ့ အကြောင်းပါခဲ့ရတာ အကြိမ်ကြိမ်
ဘယ်အရာကိုမှ
မထိန်ချန်ချင်တဲ့မြို့ကြီး။

ရန်ကုန်ရဲ့ ကံကြမ္မာဇာတာခွင်ကို
ခြင်္သေ့သားရေမှာ
တို့ဘိုးဘွားတွေ အဆက်ဆက်
မဟာဘုတ်တိုင်ထူခဲ့တယ်။

အနုပညာခေါင်းကြီးပိုင်း
ခရမ်းပြာမြင်းရိုင်း ရေဆန်လေဆန်
အမေ့ခေါ်သံလည်း ပဲ့တင်အထပ်ထပ်
ဖောင်ဖျက် တက်ချိုး ရွက်လွှင့်ခဲ့
ဘင်္ဂလားပင်လယ်အော်ကို ဖြတ်ခဲ့
အနုပညာချင်း ချိန်းချိန်းရိုက်ကြတဲ့
၃၃ လမ်း အစုန်အဆန်
လေထန်ကုန်း လေအန်ကုန်း လေလျှံကုန်း
လပြည့်ဝန်း ပန်းဆိုးတန်း လောကနတ်
၄၅ လမ်း အ၀န်းအ၀ိုင်း
စာအုပ်အဟောင်းတန်း တစ်မျှော်တစ်ခေါ်
အာကာသကို ဖြဲကြည့်ဖို့
နောက်ဆုံးပေါ် အဝေးကြည့်မှန်ပြောင်းများ။

ကိုလိုနီအမွေ
ဗိသုကာအကြွင်းအကျန်
ကြေးနီရောင် ညိုမွဲမွဲတိုက်အိုအိုကြီးတွေ
ပြိုတော့မှာလား ပြိုမှာလား
ပြိုမယ်မှန်းလည်း သိသိကြီး ဖြိုပြီး
တက္ကနိုလော်ဂျီ အသစ်စက်စက်တွေနဲ့
အသည်းအသန် အရေခွံအသစ်နဲ့
ခေတ်ဆန်ချင်နေတဲ့ ရန်ကုန်။

အဟောင်းတွေကို ကော်ပတ်စား
အသစ်တွေကို အရောင်တင်ဆီဖျန်းလို့
ကြိုက်ဈေးခေါ်ပြီး မာန်ချီ
မီနီမားကက်တွေ...
အထပ်ထပ်ကို ဓာတ်လှေကားနဲ့တက်ရတဲ့ ကုန်တိုက်ကြီးတွေ
ဘာယူမလဲ လာလေ
ဒေါ်လာနဲ့ပဲချေချေ ယူရိုနဲ့ပဲချေချေ
ဝန်ဆောင်မှု စရိတ်ငြိမ်း
အသက်နဲ့လည်းရတယ်
အသက်မဲ့လည်းရတယ်
ဒီပလာဇာကြီး ဘယ်ဈေးလဲ
ပေါက်ဈေးနဲ့ တစ်ပြားမှ မလျှော့ဘူး။

မြို့လယ်တံစက်မြိတ်မှာတော့
အက်ကြောင်းရာ အမာရွတ်တွေ အထင်းသား
အစွန်းမကျွတ်နိုင်သေး
အပြေးအလွှား အူယားဖားယား
ခြေရာတွေအောက်
အတိတ်နဲ့ အနာဂတ်ကို
ဇစ်တပ်ပေးထားတဲ့ ရန်ကုန်
“ဆေးမင်ကြောင်လို အတိတ်ကမီးလျှံကို
ငြှိမ်းသတ်လို့
အလွယ်တကူ ဘယ်တော့မှမသေဘူး”
ဆုတ်လည်းစူး စားလည်းရူး
ဘီယာအမြှုပ်ထဲ
လက်ပစ်ကူးနေတဲ့ ရန်ကုန်။

စိတ်အလိုရှိရာ
နတ်ဘုံနတ်နန်း ဆင်စွယ်နန်းမှာ
စိန်မြရံခြယ် အိပ်မက်နုနုတွေ
ငွေခန်းကြေးခန်း အလွမ်းမပါ
အီဖယ်မျှော်စင်မှာချိတ်နေတဲ့ညကို
သမ္မတရုံ ခပ်လှမ်းလှမ်းက လှမ်းဟပ်လို့ရရဲ့။
အဲဒီရန်ကုန်မှာ...
ဆရာယုဒသန် အိမ်ပြန်ချင်တိုင်း မပြန်ရ
မောရစ်ကောလစ် စာရေးဆရာဖြစ်သွားသလို
ပါမောက္ခလုစ် အငြင်းပွားစရာတွေ
မျိုးစေ့ချသွားတဲ့ ရန်ကုန်
ယက်ဗ်တူရှင်ကို ကဗျာတွေ တတွတ်တွတ်
လာရွတ်သွားတဲ့ရန်ကုန်
ကစ်ပလင်း ကဗျာဈာန်တွေရပြီး
အရေးကြီးခဲ့ရတဲ့ ရန်ကုန်
မဟာရန်ကုန်
ပင်လယ်ကူးသင်္ဘောကြီးငယ်များ ဆိုက်ကပ်ခဲ့ရာ
နောက်ကျောမလုံသူတွေလို
စိတ်ကုန်လို့ ခြေကန်လက်လန် လှည့်ပြန်ပြီး
ကျောက်ဆူးတင်ချင်သူမရှိတဲ့ ရန်ကုန်။

ရန်ကုန်ဆိုတာ ရင်ခုန်စရာတွေ
ရင်ဘတ်နဲ့မဆံ့နိုင်အောင် ကားထွက်လို့
ရန်ကုန်ဟာ...
အရေးဆို မြွေပွေး လိုလျင်တယ်
အကြားအမြင်များတော့ အထူအပါးသိတယ်
အကြောခေါက်ကိုမြင်တာနဲ့ ရေသောက်မြစ်ကို သိတယ်
သိဖို့လိုတာထက်
ပိုပိုသာသာသိနေတတ်တဲ့ မြို့ကြီး။

အခမဲ့ပန်းချီပြပွဲ
အခမဲ့ဓာတ်ပုံပြပွဲ
အခမဲ့နာရေးကူညီသည်
အခမဲ့တန်ခိုးကြီးဘုရား
အခမဲ့ကုသိုလ်ဖြစ်ဆေးခန်း
လိပ်စာကိုတောင် အခမဲ့
တည့်တည့် လက်ညှိုးထိုးပြပေးတဲ့ရန်ကုန်။

ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကြီးမှာ
ကွန်ဆာဗေးတစ်သျှောင်ထုံးကို
ဓာတုဆိုးဆေးနဲ့ မိတ်ဆက်လို့
စိတ်ပျို ကိုယ်နု...
အာရောဂျံဂါထာ အခါခါရွတ်လို့
ရုပ်ရှင်ပိတ်ကားပေါ်က ခုန်ချလာမယ့်
သွေးအေးအေးလူသတ်သမားကို
ကွမ်း တစ်ယာပြီးတစ်ယာဝါးလို့
ခင်ဗျား...
ဘယ်လောက် လက်ယဉ်နိုင်မလဲဆိုတာ
ဒူးနှန့် ထိုင်ကြည့်နေနိုင်တာ ရန်ကုန်ပါ။

ရန်ကုန်နဲ့အတူ ငါ ဒဏ်ရာရခဲ့ပါတယ်
ရန်ကုန်နဲ့အတူ ငါ့ခြေဖ၀ါးမှာ
သွေးခြေဥခဲ့ရပါတယ်
ရန်ကုန်နဲ့အတူ ငါ နာကျင်ကြေကွဲခဲ့ရပါတယ်
ရန်ကုန်ကို ငါ ချစ်ရဲ့...
ရင်သွေးငယ် လူမမည်က
မိခင်ရဲ့နို့အုံကို ငမ်းငမ်းတက် မွတ်သိပ်သလို
အဲဒီအတ္ထုပ္ပတ္တိ...
ဝလုံးကနေ သုညအထိ မဖွဲ့ဆိုနိုင်သေးတဲ့ကဗျာ
ငါ ဖွဲ့ဆိုလို့
အတိဿယဂုဏ်မမြောက်နိုင်တဲ့ မြို့ကြီး
နောင်လာနောက်သားတွေက ဆက်ပြီး
ညွှန်းဆိုဖွဲ့နွဲ့မယ့် မြို့ကြီး
သတ္တုရောင်တောက်နေတဲ့ မြို့ကြီး။

နှစ်ဆယ့်တစ်ရာစု စက္ကရင်မှာ
အဲဒီရန်ကုန်...
မြို့သိမ်မြို့မွှားတွေကို မွေးစား
ဆင်ခြေဖုံးတွေကို သားခွဲလို့
ကမ္ဘာကြီးကို အတောင်ပံနဲ့ လှမ်းခတ်ရင်း
အရပ်တွေ ရှည်ရှည်ထွက်လာ
ဗိုက်သားတွေ ကားကားထွက်လာ
သိပ်သည်းဆဟာ အနည်ထိုင်ပြီး
ကော်ဖီခါးခါးတစ်ခွက်ကို အရသာခံရင်း
သမိုင်းအသစ်အသစ်တွေအတွက်
စာမျက်နှာအလွတ်တွေ
အံဆွဲထဲမှာ အထပ်လိုက် ထားထားတယ်။

Credit To >>>> http://www.shweamyutay.com

0 comments:

Post a Comment