သက်ရှိကဗျာ

သက်ရှိကဗျာ
ကိုပေါက်

ရုရှား ဗော်လဂါ
ဂင်္ဂါ အိန္ဒိယ
အမေရိကန်နဲ့ မစ္စစ္စပီ
တရုတ်ပြည်နဲ့ ယန်စီ
မြန်မာပြည်နဲ့ ဧရာဝတီ။


အပြောင်းအလဲ မြန်တာလား၊
အကြောင်းပဲ ဖန်တာလား၊
ဧရာ ၀တီတော့ ဖျားနေပြီ သူငယ်ချင်း။

ရွှေမုဆိုး အတ္တနဲ့
ဥရုကောလို့
ဧရာဝတီရဲ့ သြရသကို သတ်နေကြတယ် သူငယ်ချင်း။
မေခ၊ မလိခ
မြစ်နှစ်ခွမှာ
ရေကြည်လည်းနောက်
အနာဂတ် ပျောက်နေပြီ သူငယ်ချင်း။
သူ့ရေကိုသောက်
သူ့ရေနဲ့ ခြေဆေး
သူညစ်နွမ်းဖို့ အရေး
သင်မတွေး ပါနဲ့ သူငယ်ချင်း။

တစ်ခါက ဧရာဝတီ
အခု သောင်အတိ
ငါးက နည်းပါဘိနဲ့
မချိမဆံ့ ဒဏ်ရာချီ
ကျောင်းတော်ရာ ငါးလည်း ဖမ်းစားကြသည်။
ဧရာဝတီ
သင်သည် စည်သွတ်ဘူး မဟုတ်
သင်သည် မာစီးဒီး မဟုတ်
သင်သည် Blue Ray
မဟုတ်
သင်သည် 4 Gမဟုတ်
သင်သည် All Star တစ်ရန် မဟုတ်
သင်သည် 501 မဟုတ်
သဘောထား အမှန်ရုပ်နဲ့
သက်ရှိကဗျာ
မြစ်ဧရာပါ သူငယ်ချင်း။

ဧရာဝတီဟာ
ရေဆိုးထုတ်မြောင်း မဟုတ်
အမှိုက်ပုံ မဟုတ်
ကာဗွန်ဒိုင် အောက်ဆိုက် စက်ရုံမဟုတ်
သေးပန်းဖို့ မဟုတ်
အော့အန်ဖို့ မဟုတ်
ရေသန့်ဘူးနဲ့ အိတ်ကြွပ်တွေ ကူးလူးဖို့ မဟုတ်
ကွမ်းတံတွေးခွက် မဟုတ်
မဟုတ် မဟုတ်
မဟုတ်ခြင်း များစွာနဲ့
ဧရာ ၀တီကို စောင့်ရှောက်ပါ သူငယ်ချင်း။

ဣနြေ္ဒကြီးကြီး
သိက္ခာကြီးကြီး
အရောင်ကြီးကြီး
အတွေ့ကြီးကြီး
အရင်း အနှီးများနဲ့
တေးရေးအတွက် ၀ါကျ
ကဗျာအတွက် ပါဒ
ပန်းချီအတွက် ဆေးစက်
ဓာတ်ပုံအတွက် ရှုကွက်
များစွာအတွက် အသက်ဆက်ပေး
သူ့ဘ၀ အတွက် ရင်လေးတယ် သူငယ်ချင်း။

စီးဆင်း လာခဲ့တဲ့ ဧရာဝတီ
နေ၀င်မိုးချုပ်
မိုးတွင်း နွေနှင်း
သက်ပြင်းနဲ့ ခရီးနှင်
ရာဇ၀င်လည်း သူအသိ
နရ သီဟပတေ့ အသိ

ညောင်ဦးဖီး အသိ၊ ကျန်စစ် အသိ
ပုဂံ အသိ၊ မန္တလေး သိ
မင်းလှခံတပ် အသိ
သီပေါကို သိ
ဗိုလ်ချုပ် အောင်ဆန်းကို သိ
ဦးနာအောက်ကို သိ၊ နန္ဒာသိန်းဇံ ဆုံးတာသိ
ခင်ဝမ်း အသိ၊ ထူးအိမ်သင် သိ
အင်းသီး အသိ၊ ကြိုးတန်းကို သိ
ပိတောက်ပွင့်သစ် သိ
ရွှေအမြုတေ သိ၊ ဇေယျာရွှေမြေ သိ
ဈေးသင်္ဘောကို သိ
ကုသိုလ်တော် ကျောက်စာကို သိ
ဆိုမာလီ ပင်လယ်ဓားပြကို သိ
ကမ္ဘာရွာ ဖြစ်တာလည်း မြင်ပါဘိနဲ့
သူ့ကျန်းမာရေး သူမသိဘူး သူငယ်ချင်း။

တစ်ဖက်မှာ သောင်ထွန်းဖို့
တစ်ဖက်က ကမ်းပါးတွေ ဖြိုဖြို ပေးနေတာ
ဧရာဝတီပါ။

လုပ်ရက် လိုက်ကြတာ
သူ့ရင်ကို ဆွဲဆုတ်
သယံ ဇာတတွေ ခွဲထုတ်လို့
သားဥချချိန် ငါးဖမ်း
အငမ်းမရ အတ္တနဲ့
တဲဖျက်လို့ မီးလှုံ
ဧရာဝတီကို ခြုံ
လုံပါရဲ့လား သူငယ်ချင်း။

အံ့သြလိုက်တာ
တမံတွေ ဖောက်
ဆည်ရေသောက်ဖို့
သူ့ခေါင်းကို ဖြတ်
အသက်ဖဲ့ခြွေ
ငွေ အတွက်
မျက်ဖြေနိုင်ဘူး
သိုက်မတူး ပါနဲ့လား သူငယ်ချင်း။
....
ဟင်း
....
သက်ပြင်းတွေ အလီလီချ
တစ်ခါက ဧရာဝတီည
ရာဇ၀င် များရဲ့ သတို့သမီး အလှနဲ့
ဟိုဘက်ကမ်းက တရား ဒေသနာ
အရုဏ်ဦးမှာ ငြိမ်းချမ်းဖူးတယ် သူငယ်ချင်း။
သူငယ်ချင်းရေ
မြန်မာပြည်ရဲ့ ဧရာ ၀တီဟာ
ငါတို့သွေးသား ဖြစ်သည်မို့
ဧရာဝတီ ကျန်းမာရေး
ငါ့ကဗျာဖြင့် စတေးပါ၏။ ။

၂၀၁၁၊ နိုဝင်ဘာလ၊ Teen မဂ္ဂဇင်း 
www.shweamyutay.com

0 comments:

Post a Comment